Home » » ဆက်လက်ချီတက်ကြစို့

ဆက်လက်ချီတက်ကြစို့

+ပုခက်ထဲမှ အူဝဲဟစ်ကြွေး ဘ၀စခဲ့
ကိုယ်မသိနိုင်တဲ့ ကာလနယ်ပယ်မှာ
သေချာတဲ့ နိယာမအရ
အခေါင်းထဲမှာ လဲလျှောင်းလို့
ဘ၀တစ်ခု အဆုံးသတ်ကြရဦးမယ်။

+ဘ၀ဆိုတာ ရေပွက်ပမာ
ဘ၀ဆိုတာ နှင်းစက်ပမာ
တစ်ခဏတာ ဘာမျှမကြာ။

+လူ့ဘ၀မှာ - ဥစ္စာရလို့ ကြီးပွား
မရလို့ ရှားပါး
ဘ၀ဟာ ကြီးပွားခြင်း ရှားပါးခြင်းနဲ့
ဖွဲ့စည်းထားတယ်။

+မိတ်ဆွေတွေ ၀ိုင်းရန်လို့ပျော်
အဖေါ်ကွာတော့ အထီးကျန်ဆန်
ဘ၀မှာ ၀ိုင်းရန်မှုနဲ့
အထီးကျန်ဆန်မှု နှစ်မျိုးပဲရှိတယ်။

+ကဲ့ရဲ့ပြစ်တင်သံတွေက တိုက်ခိုက်နှိမ်ချ
ချီးမွမ်းသံ လက်ခုပ်သြဘာသံတွေက
အားပေးချီးမြောက်
ဘ၀ဟာ သံစဉ်နှစ်မျိုးနဲ့ရောစပ်ထားတယ်။
+တစ်ခါတရံမှာ
ကိုယ်ရော စိတ်ပါ ကျန်းမာချမ်းမြေ့လို့
တစ်ခါတစ်ရံတော့
ကိုယ်နဲ့စိတ်က ဆင်းရဲဝမ်းနည်းကြေကွဲ
ဘ၀ဟာ သုခဒုက္ခဆိုတဲ့ အရောင်နှစ်မျိုး
ရောစပ်ထားတယ်။

+ဆိုးကောင်းနှစ်ဖြာ ရောနှောခြင်းဟာ
ဒဿနအမြင် လက်ခံထားသူမှာ
အဆိုးဆုံး လောကဓံ ရင်ဆိုင်ရလဲ
မကြေကွဲ ၀မ်းမနည်း စိတ်ဓာတ်လည်းမကျပါ။
အကောင်းဆုံး လောကဓံနဲ့ဆုံတွေ့ရလည်း
ပျော်မစဲ မော်မစဲ လွန်လွန်ကဲကဲ မဖြစ်တော့ပါ။

+ပုခက်နဲ့အခေါင်းကြား လူ့ဘ၀ဖြစ်စဉ်ကို
သတိယှဉ် ဉာဏ်နဲ့မြင်အောင်ကြည့်
အစွန်းရောက် လမ်းစဉ်များကို ရှောင်ကြဉ်
တော်ရုံဆိုတဲ့ အလယ်အလတ် လမ်းစဉ်ကိုလိုက်
လောကအတွက် စွမ်းနိုင်သမျှ ပေးဆပ်ပါမှ
မိမိအတွက်ပါ အကောင်းပြင်ဆင်ပြီးသားဖြစ်တယ်။

+ခဏတာ ရလာတဲ့ လူ့ဘဝ
နေမ၀င် ဘ၀နိဂုံး မရောက်ခင်
လောကကို အလှဆင်ပေးဖို့
ဟေ့....ဘ၀တိုက်ပွဲ ဆက်လက်ချီတက်ကြပါစို့....။ ။

အရှင်ကုဝေရ (ပုနေးတက္ကသိုလ်၊ အိန္ဒိယ)

0 comments:

Post a Comment