Home » » ဂူဂဲလ်က အင်တာနက် လူမှုကွန်ရက်တွင် နယ်ချဲ့

ဂူဂဲလ်က အင်တာနက် လူမှုကွန်ရက်တွင် နယ်ချဲ့

ကိုထွေး {The Irrawaddy}


ဂူဂဲလ်က ၎င်းတို့ အသစ်ဖန်တီး လိုက်သည့် လူမှုရေးကွန်ရက် အင်တာနက် စာမျက်နှာ “Google Buzz” အား အသုံးပြုရန် ဂျီမေးလ် အသုံးပြုသူ များကို အင်္ဂါနေ့တွင် စတင် ဖိတ်ခေါ် လိုက်သည်။

ယခုရက်ပိုင်း အတွင်း ဂျီမေးလ်ကို စစ်ဆေးပါက စာတိုက်သေတ္တာသို့ မရောက်မီ ဂူဂဲလ်၏ ဖိတ်ခေါ်ချက်ကို ဦးစွာ တွေ့ရမည် ဖြစ်သည်။

[လူမှုကွန်ရက် Google Buzz အကြောင်းကို အင်္ဂါနေ့က မိတ်ဆက်ပေးနေသော ဂူဂဲလ် တာဝန်ရှိသူများ (ဓာတ်ပုံ - Reuters)]

လူမှုကွန်ရက် Google Buzz အကြောင်းကို အင်္ဂါနေ့က မိတ်ဆက်ပေးနေသော ဂူဂဲလ် တာဝန်ရှိသူများ (ဓာတ်ပုံ - Reuters)
ဂူဂဲလ်၏ ဖန်တီးမှု အသစ်သည် Facebook နှင့် Twitter ကဲ့သို့ အင်တာနက် အသုံးပြုသူ မိတ်ဆွေများ အချင်းချင်း သတင်း အချက် အလက်၊ ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များ ဖလှယ်နိုင်မည့် လူမှုရေးကွန်ရက် ဖြစ်သည်။

“Buzzမှာ ဖျော်ဖြေရေး အစီအစဉ်တွေပါ ရှိတာကြောင့် လုပ်ငန်းခွင် နဲ့ အနားယူချိန် အကြားမှာ လိုအပ်နေတာ တွေကို ဖြည့်ဆည်း ပေးပါလိမ့်မယ်” ဟု ဂူဂဲလ်ကို ပူးတွဲ ထူထောင်သူ Sergey Brin က ပြောကြား ကြောင်း New York Times သတင်းစာတွင် ယမန်နေ့က ရေးသား ထားသည်။

Google Buzzကို ဂျီမေးလ်မှ တဆင့် အလွယ်တကူ အသုံးပြုနိုင်ရန် စီစဉ်ထားသည်။ ဂျီမေးလ်ဖြင့် မကြာခဏ ပြောဆို ဆက်သွယ်လေ့ရှိသော လိပ်စာများကို Buzzက အလိုအလျောက် အပြန်အလှန် ချိတ်ဆက် ပေးမည် ဖြစ်သည်။

အားသာချက်တခုမှာ အသုံးပြုသူ၏ လက်ရှိ အခြေအနေအကြောင်း ရေးသားနိုင်သော စာလုံး အရေအတွက်ကို Twitter ကဲ့သို့ ကန့်သတ်ထားခြင်း မရှိသည့် အချက်ဖြစ်ကြောင်း Google Buzz ကို မြည်းစမ်းဖူးသူများက ဆိုသည်။

ဂူဂဲလ်သည် ယခု ဖန်တီးလိုက်သည့် Buzzအတွက် အင်တာနက် လူမှုကွန်ရက် ကျွမ်းကျင်သူများကို ငှားရမ်းပြီး ၂ နှစ်ခန့် အချိန်ယူ တည်ဆောက်ခဲ့သည်ဟု သိရသည်။ Buzz ကို http://www.google.com/buzz မှတဆင့် ၀င်ရောက်နိုင်သကဲ့သို့ iPhoneနှင့် Android Phone တို့တွင်လည်း အသုံးပြု နိုင်ရန် စီစဉ်ထားသည်။

Google Buzzသည် Facebookကို တုပထားခြင်းဖြစ်သည်ဟု နည်းပညာ လေ့လာသူများက ဆိုသည်။

ဂူဂဲလ်၏ ဖန်တီးမှု အသစ်ကို စိတ်ဝင်စားကြောင်း Facebook ကုမ္ပဏီ ပြောခွင့်ရ ပုဂ္ဂိုလ် Larry Yuက ဆိုသည်။

“အင်တာနက် စာမျက်နှာတွေက လူတွေနဲ့ နီးစပ်လာပြီး ကမ္ဘာကြီးကိုလည်း ပိုပွင့်လင်းစေမယ့် နည်းပညာတွေကို ကျမတို့က အားပေးပါတယ်၊ Buzzက ရှေ့မှာ ဘယ်လောက်အထိ တိုးတက်အောင် လုပ်နိုင်မလဲ ဆိုတာကိုလည်း စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်” ဟု သူက New York Times သတင်းစာကို ပြောသည်။

လူမှုကွန်ရက်စာမျက်နှာလောကသို့ ၀င်ရောက်လာသည့် ဂူဂဲလ်၏ ကြိုးပမ်းချက်များ ထိရောက်နိုင်မှုနှင့် ပတ်သက်ပြီး လေ့လာသူများက သံသယ ၀င်နေကြသည်။ အရှိန်ရနေသော Facebook နှင့် Twitterကို ဂူဂဲလ်၏ Buzzက လွှမ်းမိုးနိုင်မည်ဟု မထင်ကြောင်း လေ့လာသူ တချို့က သုံးသပ်သည်။

၂၀၀၉ ခုနှစ်မှ စတင်၍ လူမှုရေးကွန်ရက် စာမျက်နှာများသည် အရှိန်အဟုန်ဖြင့် အင်တာနက် အသုံးပြုသူများအကြား ရေပန်းစားလာပြီး ယခုအခါ ကမ္ဘာတ၀န်းလုံး၌ Facebook အသုံးပြုသူ သန်း ၄၀၀၊ ဂျီမေးလ် အသုံးပြုသူပေါင်း ၁၇၆ သန်း ရှိကြောင်း သိရသည်။

0 comments:

Post a Comment